2019.09.20FEATURE
ရန်ကုန်တက္ကသိုလ်ရဲ့ အသည်းနှလုံး
ဓာတ်ပုံ−နစ်ကီ
By ဆုဆက်ရည်ပိုး
စိန်ပန်းတို့ပွင့်ရာ၊ကံ့ကော်ဝေရာ တက္ကသိုလ်မြေဟုဆိုလိုက်လျှင်အင်းလျားကန်စပ်က မြကျွန်းညိုဟုတင်စားခေါ်ဝေါ်သည့် ရန်ကုန်တက္ကသိုလ်ကို လူတိုင်းအမှတ်ရ ကြမည်ဖြစ်သည်။
မြကျွန်းညိုညို ရန်ကုန်တက္ကသိုလ် နယ်မြေသို့ ကိုယ်တိုင် ခြေမချဖူးသူ၊ မရောက်ဖူးသူ ရှိနိုင်သော်လည်း တက္ကသိုလ်နယ်မြေက အထင်ကရနေရာများကို သီချင်းများမှတစ်ဆင့်၊ တက္ကသိုလ်နောက်ခံ ဝတ္ထုများမှတစ်ဆင့်၊ သမိုင်းမှတ်တမ်းများမှတစ်ဆင့် လူတိုင်း ရင်းနှီးကြသည်။
နာမည်ကျော် အဓိပတိလမ်း မ၊ တက္ကသိုလ် ဘွဲ့နှင်းသဘင်၊ တက္ကသိုလ် စာကြည့်တိုက်၊ ဂျပ်ဆင်၊ အင်းလျားဆောင်၊ ပဲခူးဆောင်၊ ပုဂံလမ်း၊ RC(Recre-ation Centre)တို့ကို သီချင်းများ၊ စာပေများတွင် အနုပညာရှင် တို့က ထည့်သွင်းသီဖွဲ့ခဲ့ကြသော ကြောင့် ရန်ကုန်တက္ကသိုလ်သည် လူတိုင်းနှင့် အစိမ်းသက်သက် မဟုတ်ပေ။
တက္ကသိုလ်နယ်မြေက ထိုအထင်ကရ နေရာများနည်းတူ ရန်ကုန်တက္ကသိုလ်ဟု ဆိုလိုက်လျှင် လူတိုင်း တွဲမြင်တတ်သည့် အရာတစ်ခုလည်း ရှိသည်။ ရန်ကုန်တက္ကသိုလ်၏ အမှတ်သင်္ကေတတစ်ခု ဖြစ်ခဲ့သည်အထိ ထင်ရှားသည့် သစ်ပုပ်ပင် ဖြစ် သည်။
အဓိပတိ လမ်းမတည့်တည့် လျှောက်လာပြီး ဘွဲ့နှင်းသဘင် ခန်းမ ရောက်ခါနီးလျှင် ညဘက်အခြမ်းကို ကြည့်လိုက်ပါက ရန်ကုန်တက္ကသိုလ်၏ နာမည်ကျော် သစ်ပုပ်ပင်ကို တွေ့နိုင်သည်။
‘‘ဒီသစ်ပုပ်ပင်ဟာ ရန်ကုန်တက္ကသိုလ်ရဲ့ အထိမ်းအမှတ် အမွေအနှစ် သင်္ကေတတစ်ခု ဖြစ်ပါတယ်။ တက္ကသိုလ်ရဲ့ အသည်းနှလုံး တစ်ခုဆိုလည်း မမှားပါဘူး’’ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသားဖြစ်ခဲ့သူ လက်ရှိ ပညာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆို သည်။
ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းများတွင် သစ်ပုပ်ပင်သည် မပါမဖြစ်၊ တက္ကသိုလ် အထိမ်းအ မှတ် ပို့စကတ်များတွင် သစ်ပုပ်ပင်သည် မပါမဖြစ်၊ တက္ကသိုလ်နှင့် ပတ်သက်သည့် သရုပ်ဖော် ပန်းချီကားများတွင် သစ်ပုပ်ပင်သည်မပါမဖြစ်။ ရန်ကုန်တက္ကသိုလ် ထွက် ကျောင်းသား၊ ကျောင်းသူများ၏ တက္ကသိုလ်ဘဝတွင် သစ်ပုပ်ပင်သည် ဇာတ်လိုက်ကျော် ဖြစ်သည်။
တက္ကသိုလ်နယ်မြေမှ ကျောင်းသား၊ ကျောင်းသူများသည် သစ်ပုပ်ပင်ကြီးနှင့် ထိတွေ့ရင်း နှီးခဲ့ကြသည်။ သူ့အရိပ်အောက် ခိုဝင်ခဲ့ကြသည်။ ပင်စည်တွင် စာထွင်းကာ တက္ကသိုလ်ဘဝ အမှတ်တရများ ရေးခဲ့ကြသည်။
‘‘သစ်ပုပ်ပင်ကို မရောက်တဲ့နေ့ မရှိဘူး။ ဘာဖြစ်လို့လဲဆို တော့ အဲဒါစုရပ်ပဲ’’ဟု ရန်ကုန်တက္ကသိုလ် ဓာတုဗေဒကျောင်းသူဟောင်းဒေါ်ချိုချိုဝေက ပြောပြ သည်။မေဂျာမတူ၍ စာသင်ခန်းမတူသည့် ၎င်းတို့ သူငယ်ချင်း တစ်စုအတွက် စာသင်ချိန်ပြီးလျှင် လူစုကြရန် သတ်မှတ်သည့် စုရပ်နေရာသည် သစ်ပုပ်ပင်ကြီးအောက် ဖြစ်သည်။ သစ်ပုပ်ပင်တွင် လူစုကာ ကင်တင်းသွားတတ်သလို သစ်ပုပ်ပင်ကြီး အောက်တွင်ပင် စကားထိုင်ပြောကြသည့် ရက်များလည်း ရှိသည်ဟု ၎င်းက ပြန်ပြောင်းပြောပြသည်။
တက္ကသိုလ် ကျောင်းသူဘဝ အမှတ်တရများစွာ သစ်ပုပ်ပင် ခြေရင်းတွင် ရှိခဲ့ဖူးခြင်းကြောင့် နှစ် ၂၀ကျော် ကြာသည့်တိုင် တက္ကသိုလ်ထဲ ပြန်ခြေချမိသည်နှင့် သစ်ပုပ်ပင်ဆီသို့ သွားဖြစ်အောင်သွား ခဲ့သည်ဟု ၎င်းကဆိုသည်။
၂၀ဝ၄ ခန့်အထိ သစ်ပုပ်ပင် ကြီးဆီ ပြန်သွားတိုင်း ပင်စည်ကို လက်ဖြင့်ထိတွေ့နိုင်၊ အမှတ်တရ စာသားများ ပင်စည်တွင် ရေးထွင်းဖြစ်ခဲ့သော်လည်း နောက်ပိုင်းနှစ် များတွင် သစ်ပုပ်ပင်ကြီး အောက်ခြေကို သံပန်းများဖြင့် ကာရံလိုက်ခြင်းကြောင့် သံပန်းအပြင် ကသာ ကြည့်နိုင်တော့သည်ဟု လည်း ၎င်းက ပြောသည်။
သစ်ပုပ်ပင်ကြီးသည် ၎င်း ၏ သက်တမ်းတစ်လျှောက် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူမျိုးဆက်များစွာကို ကြိုဆိုခဲ့၊ ခွဲခွာ နှုတ်ဆက်ခဲ့သည်။ ကိုလိုနီခေတ်ကစ၍ ခေတ်အဆက်ဆက် ကျောင်းသားလှုပ်ရှားမှုများကိုလည်း ကြုံဆုံခဲ့သည်။ တက္ကသိုလ်နောက်ခံ ကဗျာ၊ စာပေများတွင် ရေးသား ဖော်ပြခြင်းခံရသည့် ဇာတ်ကောင်လည်း ဖြစ်ခဲ့သည်။
သစ်ပုပ်ပင်ကြီးသည် သက်တမ်းရင့်ရွက်ကြွေပင်ကြီးဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Tetrameles nudiflora.R.Br (Datiscaceae) ဖြစ်သည်။
သစ်ပုပ်ပင်ကြီး၏ သက်တမ်းကို အတိအကျခန့်မှန်းနိုင်ရန် ခက်ခဲသော်လည်း ၁၉၂၀ တွင် အစပြုခဲ့သည့် ရန်ကုန်တက္ကသိုလ် ထက် ပိုမိုသက်တမ်းရင့်ကြောင်း မှတ်တမ်းများတွင် ဖော်ပြထား သည်။ ၁၉၁၈ ဇွန်လကစတင်ကာ ဧက ၈၀ဝ ခန့်ကျယ်ဝန်းသည့် သရက်နှင့် မရန်းခြံများကို ခုတ်ထွင်ရှင်းလင်း၍ ရန်ကုန်တက္က သိုလ် အဆောက်အအုံများ ဆောက်လုပ်ခဲ့သည်ဟု သမိုင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။
ရန်ကုန်တက္ကသိုလ် စတင်တည်ဆောက်ရန် မြေယာများကို ခုတ်ထွင်ရှင်းလင်းစဉ်ကပင် ထိုသစ်ပုပ်ပင်က တည်ရှိနေခဲ့သည်။ ရန်ကုန်တက္ကသိုလ်၏ သက်တမ်းသည်ပင် ၂၀၂၀ ဒီဇင်ဘာ တွင် နှစ်(၁၀ဝ)ပြည့်ပြီဖြစ်ရာ ရန်ကုန်တက္ကသိုလ် တည်ရှိမှုထက် ပို၍စောခဲ့သည့် သစ်ပုပ်ပင်ကြီး၏ သက်တမ်းမှာ နှစ်တစ်ရာကျော် နေပြီကို ငြင်းနိုင်မည်မဟုတ်ပေ။
တဖြည်းဖြည်း သက်တမ်းရင့်လာခဲ့သည့်တိုင် ရာသီဥတုဒဏ် ကို ကြံ့ကြံ့ခံကာ ရန်ကုန်တက္က သိုလ်နှင့် အတူ သစ်ပုပ်ပင်ကြီးက အမြဲရှိနေခဲ့သည်။
၂၀ဝ၈ နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က ရန်ကုန်တက္ကသိုလ် နယ်မြေရှိ သစ်ပင်ကြီး၊ သစ်ပင်ငယ် များစွာ ပြိုလဲခဲ့သည့်တိုင် သစ်ပုပ်ပင်ကြီးက မပြိ်ုလဲခဲ့ပေ။ ထိုစဉ်က ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းများသာမက လူအများစုက သစ်ပုပ်ပင်ကြီး ပြိုလဲသွားလေမလားဟု စိုးရိမ်မှုများ ရှိခဲ့သည်။ သို့သော် သစ်ပုပ်ပင်ကြီးက နာဂစ်မုန်တိုင်းဒဏ်ကို အန်တုနိုင် ခဲ့သည်။
၂၀၂၀ တွင် နှစ်(၁၀ဝ)ပြည့် တော့မည်ဖြစ်သည့် ရန်ကုန်တက္ကသိုလ်၏ အဓိကသင်္ကေတ တစ်ခုဖြစ်သည့် သစ်ပုပ်ပင်ကြီး သည် ရန်ကုန်တက္ကသိုလ် အတွက်သာမက ရန်ကုန်မြို့အတွက်ပါ အဖိုးမဖြတ်နိုင်သည့် သဘာဝ အမွေအနှစ်တစ်ခု ဖြစ်သည်။
သစ်ပုပ်ပင်ကြီး နောင်နှစ်ပေါင်းများစွာ ရေရှည်တည်တံ့ ရှင်သန်စေရန် ဝိုင်းဝန်းထိန်း သိမ်းရန် လိုအပ်သည်ဟု ရန်ကုန်မြိ်ု့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT)ကယူဆသည်။ ထို့ကြောင့်ပင် စက်တင်ဘာ ၆ ရက်က ရန်ကုန်တက္ကသိုလ်နယ်မြေရှိ သစ်ပုပ်ပင်ကြီး တွင် မြို့ပြအမွေအနှစ် အထိမ်းအမှတ်အပြာ ရောင်ကမ္ပည်းပြား တပ်ဆင်ခဲ့သည်။
‘‘ရန်ကုန်တက္ကသိုလ်ထဲမှာ ကမ္ပည်းပြားကပ်မယ်ဆိုရင် ကပ်ရမယ့်နေရာတွေက အများကြီးပါ။ ဘွဲ့နှင်း သဘင်ရော၊ တက္ကသိုလ် စာကြည့်တိုက်ရော၊ အဆောင်တွေရော ရှိတယ်။ ဒါပေမဲ့ ဒီထဲမှာ အဆောက်အအုံတွေ ထက် သက်တမ်းရင့်တယ်လို့ ယူဆတယ်။ ကျောင်းသားတွေရဲ့ ဘဝမှာလည်း အရေးပါတယ်။ ထိန်းသိမ်းဖို့ လည်းလိုနေတဲ့ ဒီသစ်ပုပ်ပင်ကို ပထမဆုံးအနေနဲ့ ကပ်တာပေါ့’’ဟု ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက် ရေးအဖွဲ့ (YHT) စီမံချက်အရာရှိ ဦးသူရိန်အောင်က ဆိုသည်။
အပြာရောင် ကမ္ပည်းပြား များသည် ရန်ကုန်မြို့ရှိ အမွေအနှစ်ဆိုင်ရာ အဆောက်အအုံများ၊ နေရာများတွင် အဆိုပါ အဆောက်အအုံများ၊ နေရာများနှင့် ဆက်စပ်နေသည့် သမိုင်းဝင်လူပုဂ္ဂိုလ်၊ သမိုင်းအဖြစ်အပျက်များကို ဖော်ပြပြီး မြို့၏အမှတ်အသား တစ်ခုအဖြစ် တပ်ဆင်ထားရှိသည့် အထိမ်းအမှတ် ကမ္ပည်းပြားများ ဖြစ်သည်။
အပြာရောင် ကမ္ပည်းပြားများသည် လူအများသိရှိပြီးသား အဆောက်အအုံများ၊ နေရာများကို ပိုမိုတန်ဖိုးထားထိန်းသိမ်း တတ်လာစေရန်၊ လူသိနည်းသေး သည့် အဆောက်အအုံများအ ကြောင်းကို လူအများပိုမိုသိရှိ လာစေရန် ရည်ရွယ်သည်။
ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ က ရန်ကုန်မြို့ရှိ ရှေးဟောင်း အမွေအနှစ်ဆိုင်ရာ အဆောက်အအုံ နှင့် နေရာ ၃၁ ခု၌ အပြာရောင်ကမ္ပည်းပြား တပ်ဆင်ပြီးဖြစ်သည်။ (၃၂)ခုမြောက်အဖြစ် ရန်ကုန်တက္ကသိုလ်ဝင်းရှိ် သစ်ပုပ်ပင်ကြီး တွင် အပြာရောင်ကမ္ပည်းပြား တပ်ဆင်ခြင်းဖြစ်ပြီး သစ်ပုပ်ပင် ကဲ့ သို့ သဘာဝအမွေအနှစ်၌ တပ်ဆင်ခြင်းသည် ပထမအကြိမ် ဖြစ်သည်။
‘‘ရန်ကုန် တက္ကသိုလ်မှာ တော့ အမွေအနှစ်ဆိုင်ရာ အဆောက်အအုံတွေ အများကြီးရှိနေတာပါ။ ဒီထဲမှာ မှ တက္ကသိုလ်ရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ သစ်ပုပ်ပင်ကြီးကို အပြာရောင်ကမ္ပည်းပြားတပ်ပြီး ထိန်းသိမ်းရမယ့် အမွေအနှစ်အဖြစ် ပထမဆုံးသတ်မှတ်လိုက်တာ။ တက္ကသိုလ်ရဲ့ အသည်းနှလုံးကို ထိန်းသိမ်းရမှာပေါ့’’ဟု ရန်ကုန်တက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာဖိုးကောင်းက ဆိုပါသည်။
Credit : http://7daydaily.com/
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

